ယူကရိန်းစစ်ပွဲရပ်ဆိုင်းရေး ထရမ့်ရဲ့ အစီအမံတွေအတွက် အဟန့်အတားဖြစ်လာတဲ့ခရိုင်းမီးယား | People's Spring
Автор: People's Spring
Загружено: 2025-04-27
Просмотров: 121162
Описание:
ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ထရမ့်ရဲ့ အစီအမံတွေအတွက် အဟန့်အတား ဖြစ်လာတဲ့ ခရိုင်းမီးယား
ခရိုင်းမီးယား ကျွန်းဆွယ်ကို လက်လွှတ်ပေးဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကြောင့် ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲရပ်ဆိုင်းရေး ဆွေးနွေးမှုတွေ ခရီးမရောက်နိုင်ဘူး ဖြစ်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က အခုသီတင်းပတ်မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေတုန်းက သူသမ္မတ ဖြစ်လာရင် ယူကရိန်း စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ပြမယ်လို့ လေလုံးထွားထားတဲ့ ထရမ့်အတွက်တော့ သူ့ရဲ့ သမ္မတဘဝ ပထမဆုံး ရက်ပေါင်း ၁၀၀ အတွင်း အဲဒီ ကတိကို တည်ဖို့ မျှော်လင့်ထားပုံပါပဲ။ ဒါပေမဲ့ ခရိုင်းမီးယား ကိစ္စက အတားအဆီးသဘော ဖြစ်နေတဲ့အပေါ် အတော်လေး စိတ်အချဉ်ပေါက်နေပုံ ရပါတယ်။
တကယ်တော့ ခရိုင်းမီးယားဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စတင်ခဲ့တဲ့ ကျူးကျော်စစ်ပွဲ နောက်ပိုင်းကျမှ ရုရှားလက်ထဲ ကျရောက်ခဲ့တာ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ် ကတည်းက ခရိုင်းမီးယားဟာ ရုရှားလက်အောက်ခံ ဖြစ်ခဲ့ပြီးသားပါ။ အဲဒီတုန်းက အစိမ်းရောင် ယူနီဖောင်းတွေနဲ့ ကွန်မန်ဒိုဆန်ဆန် စစ်သားတွေက ခရိုင်းမီးယားကို ရုတ်တရက် ရောက်ရှိလာပြီး ဒေသရဲ့ လွှတ်တော်နဲ့ အစိုးရ အဆောက်အအုံတွေကို စီးနင်းလိုက်ပါတယ်။ ပြီးတော့ ယူကရိန်း လုံခြုံရေး တပ်ဖွဲ့တွေကို အင်အား အသာစီးယူ ဝိုင်းပတ် ဖမ်းဆီးပြီး ခရိုင်းမီးယား ဒေသကို ထိန်းချုပ်လိုက်ပါတော့တယ်။ အဲဒီ အချိန်တုန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ခရိုင်းမီးယားကို ဝင်သိမ်းတဲ့ ပဟေဠိဆန်ဆန် စစ်သားတွေအကြောင်း သူမသိပါဘူးဆိုပြီး ငြင်းခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ရုရှားဟာ ယူကရိန်း နိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေတဲ့ ကာလတစ်ခုမှာ အခွင့်ကောင်းယူပြီး ခရိုင်းမီးယားကို တရားမဝင် သိမ်းယူခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်လာပါတော့တယ်။
ဒီနေရာမှာ ခရိုင်းမီးယားရဲ့ သမိုင်းကြောင်းကို နည်းနည်း အကျဉ်းချုပ် ပြောဖို့ လိုပါတယ်။ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ ကျွန်းဆွယ် ဒေသဟာ ရုရှားပြည်မကြီးနဲ့ ကွဲပြားပြီး ပူနွေး စိုစွတ်တဲ့ ရာသီဥတု ရှိနေသလို တည်နေရာ အရလည်း တသီးတခြား ဆန်ပါတယ်။ မြေထဲပင်လယ် ထွက်ပေါက် လိုချင်နေတဲ့ ရုရှားအတွက်လည်း ခရိုင်းမီးယားကို ပြန်လည် ပိုင်ဆိုင်ဖို့ ဆိုတာ သိပ်အရေးကြီးပါတယ်။ ဒီနေရာမှာ ‘ပြန်လည်’ဆိုတဲ့ အသုံးအနှုန်းအကြောင်း ရှင်းပြပါမယ်။ ဧကရီ ဘုရင်မ ကက်သရင်း လက်ထက်မှာ ခရိုင်းမီးယားကို ရုရှားပိုင်နက်ထဲ သွတ်သွင်းခဲ့ပြီး အဲဒီ ကတည်းက ရုရှားနဲ့ ဆိုဗီယက် ပြည်ထောင်စုတွေရဲ့ နယ်မြေအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ဖူးတာကြောင့်ပါ။
၁၉၅၄ ခုနှစ်မှာတော့ ဆိုဗီယက် ခေါင်းဆောင် နစ်ကီတာ ခရူးရှက်ဗ်က ခရိုင်းမီးယားဟာ ယူကရိန်း ပိုင်နက်အဖြစ် အသိအမှတ် ပြုပေးခဲ့ပါတယ်။ မျက်မှောက်ကာလမှာတော့ ပူတင်ဟာ အဲဒီတုန်းက ခရူးရှက်ဗ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အပြင်းအထန် ဝေဖန်ခဲ့ပြီး တရားမဝင်တဲ့ လက်လွှဲမှု၊ လုယက်မှု တစ်ခုလို့တောင် စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ကာလတွေတုန်းက ရုရှားရော၊ ယူကရိန်းပါ ဆိုဗီယက် ပြည်ထောင်စုကြီးရဲ့ အစိတ်အပိုင်းတွေအဖြစ် ရှိနေတာကြောင့် ခရိုင်းမီးယားက ယူကရိန်းရဲ့ အစိတ်အပိုင်း ဖြစ်လာတဲ့တိုင် ပြဿနာ ကြီးကြီးမားမား မရှိခဲ့ပါဘူး။
ဒီလိုနဲ့ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတဲ့ အချိန်အခါဆီ ရောက်လာပါတော့တယ်။ တခြားသော ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင် နယ်မြေတွေနည်းတူ ယူကရိန်းဟာလည်း သီးခြားနိုင်ငံ ဖြစ်လာပါတယ်။ ဆိုဗီယက်ကို ဆက်ခံတဲ့ ခေတ်သစ် ရုရှားနိုင်ငံဟာ ခရိုင်းမီးယားကို လက်ဆင့်ကမ်း ထိန်းသိမ်းချင်ပေမယ့် ခရိုင်းမီးယားမှာ ပြုလုပ်တဲ့ လူထုဆန္ဒ ခံယူမှု ရလဒ်ကတော့ ယူကရိန်းနဲ့ အတူတွဲပြီး လွတ်လပ်ရေး ရယူဖို့ ရွေးချယ်သွားခဲ့ပါတယ်။
၂၀၁၄ မှာတော့ ရုရှားတပ်တွေက ခရိုင်းမီးယားကို ပြန်လည် ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရဲ့ အသိအမှတ် ပြုမှုကိုတော့ ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ခရိုင်းမီးယား လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ရုရှားတွေ ဖြစ်ပါတယ်။ ဒါကလည်း ၁၉၄၄ ခုနှစ်တုန်းက ခရိုင်းမီးယား ဒေသခံ တာတာ မျိုးနွယ်စုတွေကို ဆိုဗီယက် အာဏာရှင် ဂျိုးဆက် စတာလင်က နှင်ထုတ်ခဲ့တာကြောင့်ပါ။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးတဲ့ နောက်မှသာ တာတာတွေဟာ ဇာတိဒေသမှာ ပြန်လည် အခြေချနိုင်ခဲ့ပြီး အခုတော့ ခရိုင်းမီးယား လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းလောက်သာ ရှိပါတော့တယ်။
ပူတင်ဟာ ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်း အဲဒီဒေသမှာ ရုရှားရဲ့ ခြေကုပ်ယူမှုနဲ့ ဩဇာလွှမ်းမိုးမှု အခြေခိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့ပါတော့တယ်။ ပထမ ခြေလှမ်းအဖြစ် ခရိုင်းမီးယားနဲ့ ရုရှားပြည်မကြီးကြား ပိုင်းခြားထားရာ ကာ့ချ် ရေလက်ကြားကို ဖြတ်သန်းပြီး ၁၂ မိုင်ရှည်တဲ့ တံတားကြီး တည်ဆောက်စေခဲ့ပါတယ်။ နောက်တော့ ၂၀၂၂ ခုနှစ်မှာ ကျူးကျော်စစ် စတင်ပြီးတဲ့အခါ ခရိုင်းမီးယားနဲ့ ရုရှားကို ကုန်းလမ်းစင်္ကြံအဖြစ် ဆက်စပ် အဇော့ဗ် ပင်လယ် ကမ်းခြေဒေသကို ဦးစားပေးအဆင့် ရအောင် သိမ်းယူစေခဲ့ပါတယ်။
ပူတင်ဟာ ခရိုင်းမီးယား ဒေသကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ဒေသတွင်းမှာ လူထုဆန္ဒ ခံယူပွဲတစ်ခု ပြုလုပ်စေပြီး ကြေညာခဲ့ပေမယ့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကတော့ ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ ဒီတော့ လက်ရှိ စစ်ပွဲကို ရပ်ဆိုင်းစေဖို့ ကြားပွဲစား လုပ်ပေးမယ်ဆိုတဲ့ အမေရိကန် သမ္မတ ထရမ့်က ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် သတ်မှတ်မယ်ဆိုတဲ့ သဘောမျိုး မက်လုံးပေးခဲ့တဲ့အခါ ပူတင်ရဲ့ မျက်လုံးတွေ အရောင်တောက်လာတာ မဆန်းပါဘူး။ ဒါက သူအရမ်း လိုလားတဲ့ ကိစ္စမျိုးပါ။ တစ်ဖက်မှာတော့ ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ ခရိုင်းမီးယားကို လက်လွှတ်ဖို့ ကိစ္စကို လက်မခံပါဘူး။ ဒါကိုပဲ ထရမ့်က ဒေါသူပုန် ထနေတာ ဖြစ်ပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
Повторяем попытку...
Доступные форматы для скачивания:
Скачать видео
-
Информация по загрузке: